Monday, April 27, 2015

HTC မြန်မာမှ ပြည်တွင်းဈေးကွက်သို့ အသစ်တင်သွင်း ရောင်းချမည်ဖြစ်သော HTC One M9 နှင့် HTC Desire 626 တို့အား မကြာမီဝယ်ယူအသုံးပြုနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
''HTC One M9 နဲ့ Desire 626 ကိုပြည်တွင်းဈေးကွက်ထဲမှာ မကြာခင် ရောင်းချပေးတော့ မှာပါ။ ခန့်မှန်းအနေနဲ့ ဆိုရင်တော့ မေလ ဒုတိယပတ် ဒါမှမဟုတ် တတိယပတ်ထဲမှာ ဈေးကွက်ထဲ ရောက်ရှိပါလိမ့်မယ်။ လက်တလောမှာတော့ ကြိုတင်မှာယူ စနစ်တွေဘာတွေ မလုပ်ထားသေးပါ ဘူး'' ဟု HTC မြန်မာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
HTC မှပြည်တွင်း ဈေးကွက်သို့ တင်သွင်းရောင်းချရန် စီစဉ် ထားသော HTC ဖုန်းများအနက် အဆိုပါ မော်ဒယ်နှစ်မျိုးမှာ ဈေးကွက်သို့ ဦးစွာရောက်ရှိ လာမည်ဖြစ်ပြီး HTC One E9 မှာမူ ဇွန်လ အတွင်းမှသာ ပြည်တွင်း ဈေးကွက်သို့ ရောက်ရှိ လာနိုင်ဖွယ်ရှိကြောင်း အဆိုပါ တာဝန်ရှိသူမှ ဆက်လက်ပြောပြခဲ့သည်။
HTC One M9 မှာ Screen အရွယ်အစား ၅.၀ လက်မရှိပြီး Quad-core 1.5 GHz Cortex-A53 & Quad-core 2 GHz Cortex-A57 CPU နှင့် 20.7 Mega Pixel နောက်ဘက်ကင်မရာ၊ 4 Mega Pixel ရှေ့ကင်မရာတို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး မှတ်ဉာဏ်အနေဖြင့် 32GB နှင့် RAM 3GB ပါဝင်မည်ဖြစ်သည်။
Desire 626 မှာ ၅.၀ လက်မ မျက်နှာပြင်၊ Octa-core 1.7 GHz Cortex-A53, Quad-core 1.2 GHz Cortex-A53 တို့အနက်မှ တစ်မျိုးဖြင့် ဝင်ရောက်လာဖွယ် ရှိနေပြီး နောက်ဘက် ကင်မရာ 13 Mega Pixel နှင့် ရှေ့ကင်မရာ 5Mega Pixel တို့ဖြင့် ဝင်ရောက်လာမည် ဖြစ်ကြောင်းသိရသည်။ M9 အား ကျပ် ၇၂၀,၀၀၀ ဝန်းကျင်နှင့် 626 အား ကျပ် ၂၀၀,၀၀၀ ဝန်းကျင်တို့ဖြင့် အသီးသီးရောင်းချ သွားဖွယ်ရှိသည်။

Credit: Internet Journal