Saturday, March 7, 2015

AP619181588929
Facebook က ကမ္ဘာပေါ်မှာ အင်တာနက် အသုံးပြုသူများပြားလာရေးအတွက် Internet.org နဲ့ ပူးပေါင်းပြုလုပ်နေတဲ့ စီမံကိန်းရဲ့ အစီအစဉ်တစ်ခုကို မီဒီယာအချို့ကို ပြောပြခဲ့ပါတယ်။

Internet.org ရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ Chris Daniels က ဒီနှစ်ကုန်မှာ နိုင်ငံပေါင်း တစ်ရာအတွက် အင်တာနက် အခမဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ပေးမယ်လို့ ပြောပါတယ်။ အခုလောလောဆယ်မှာတော့ Zambia, Tanzania, Kenya, Ghana, Colombia နဲ့ India နိုင်ငံတို့မှာ အခမဲ့ အင်တာနက် အစီအစဉ် ကို ပြုလုပ်ပေးထားပြီး ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ ပြည်တွင်းသတင်းအချက်အလက်များကို လူပေါင်း ခုနစ်သန်းက အခမဲ့ သိရှိနိုင်ကြပါပြီ။

၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Internet.org ဟာ Facebook ဦးဆောင်နေတဲ့ စီမံကိန်းဖြစ်ပြီး အင်တာနက် မရရှိတဲ့ လူတွေအတွက် အခမဲ့ အင်တာနက် ရရှိအောင် ဒေသတွင်း အင်တာနက် ၀န်ဆောင်မှုပေးသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ Wikipedia, Facebook , အလုပ်အကိုင်နဲ့ ကျန်းမာရေး ၀က်ဆိုက်များလို အခြေခံ အင်တာနက် ၀န်ဆောင်မှုတွေကို လူတွေ အသုံးပြုနိုင်ဖို့ ဖြစ်ပြီး အင်တာနက်ရဲ့ အကျိုးကျေးဇူးတွေကို လူတွေသိရှိဖို့နဲ့ Data Package တွေကို ထပ်မံ ၀ယ်ယူသုံးစွဲဖို့ ဖြစ်ပါတယ်။

အခမဲ့ အင်တာနက် ပံ့ပိုးပေးတဲ့ Internet.org App မှာတော့ Facebook Version ဟာ စွမ်းဆောင်ချက်နည်းပါးပါတယ်။ အသုံးပြုသူတွေဟာ သူငယ်ချင်းတွေနဲ့ မိတ်ဖွဲ့နိုင်ပြီး တစ်ယောက်ရဲ့ Wall မှာ တစ်ယောက်က ရေးသားနိုင်ပေမယ့် ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ကြည့်ဖို့အတွက်တော့ Data Plan တွေကို ၀ယ်ယူဖို့ တိုက်တွန်းမှာ ဖြစ်ပါတယ်။ Internet.org App ကို ဖြန့်ချီပေးထားတဲ့ နိုင်ငံတွေမှာ ဒေသတွင်း အင်တာနက် ၀န်ဆောင်မှုပေးသူတွေရဲ့ Data Plan တွေကို ၀ယ်ယူသူဟာ ၄၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

Facebook CEO Mark Zuckerberg က အွန်လိုင်းပေါ်မရောက်ရှိသေးတဲ့ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံကို Drone, Laser နဲ့ Satellite များမှ အင်တာနက် ပံ့ပိုးပေးဖို့ ကြိုးစားနေတယ်လို့ Mobile World Congress မှာ ပြောကြားခဲ့ပါတယ်။

Myanmar Digital Life Journal