Sunday, March 1, 2015

ပြည်တွင်းမှ Samsung စမတ်ဖုန်း အသုံးပြုသူများအနေဖြင့် မြန်မာ စာစနစ်ကို ဇော်ဂျီနှင့် ယူနီကုတ် နှစ်မျိုး စလုံးအသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း Samsung မြန်မာရုံးခွဲမှ သတင်းရရှိသည်။

‘‘လာမယ့် မတ်လထဲမှာ မြန်မာစာစနစ်ကို ဇော်ဂျီရော ယူနီကုတ်ပါ နှစ်မျိုးစလုံးအသုံးပြုနိုင် ဖို့ ကျွန်တော်တို့ စမတ်ဖုန်းတွေ အတွက် ဆော့ဖ်ဝဲဗားရှင်းအသစ် တွေပေးသွားဖို့ရှိပါတယ်။ အဲဒါ ကို မြှင့်ပြီး သွားရင် မြန်မာ စာစနစ် နှစ်ခုစလုံးကို အဆင်ပြေပြေနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်’’ဟု Samsung မြန်မာရုံးခွဲမှ Head of Channel Management Mobile ဖြစ်သူ ဦးဇာနည်ဝင်းထက်က ပြောသည်။

Samsung အနေဖြင့် ကနဦး Galaxy S5 နှင့် Galaxy Noet 4 တို့တွင် မြန်မာစာစနစ် နှစ်မျိုး စလုံးအသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားသော အနိမ့်ပိုင်းစမတ်ဖုန်း အချို့၌လည်း ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

‘‘လက်ရှိထုတ်ထားတဲ့ စမတ်ဖုန်းတွေကို မြန်မာစာစနစ် အဆင့် မြှင့်တင်မှုတွေပြုလုပ်သွားမှာဖြစ်သလို မတ်လနောက်ပိုင်း အသစ်ထွက်မယ့် စမတ်ဖုန်းတွေမှာလည်း ယူနီကုတ်ရော ဇော်ဂျီပါ အသုံးပြုနိုင်အောင် ပြုလုပ်ပေးသွားဖို့ရှိပါတယ်’’ဟု ဦးဇာနည်ဝင်းထက်က ပြောသည်။

 လက်ရှိတွင် ပြည်တွင်း၌ ဇော်ဂျီဖောင့်ကို အများဆုံးအသုံး ပြုလျက်ရှိပြီး Google မှ ယူနီကုတ် စနစ်ဖြင့် ထောက်ပံ့ပေးထားသည့် Google Translate ဝန်ဆောင်မှုနှင့် အခြားသောဝန်ဆောင်မှု များကိုကောင်းစွာဖတ်၍မရသည့် ပြဿနာများနှင့် ကြုံတွေ့နေရသည်။

ထို့အတူ ယူနီကုတ်အသုံးပြုသူများအနေဖြင့်လည်း ၎င်းတို့ ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လူ အများစုက ဇော်ဂျီဖြင့် စာများရေး သားနေသည့်အတွက် ပို့စ်များကို ဖတ်၍မရသည့် ပြသာနာများ ကြုံ တွေ့နေရကြောင်း အသုံးပြုသူများ ထံမှ သိရသည်။

‘‘တကယ်လို့ ဖုန်းတစ်ခုထဲမှာ ယူနီကုတ်ရော ဇော်ဂျီပါအသုံးပြု နိုင်မယ်ဆိုရင် တော်တော်လေး အဆင်ပြေ သွားမယ်။ လက်ရှိ အသုံးပြုသူတွေကြားမှာ မြန်မာစာ စနစ်မတူတဲ့အခါ ဖတ်မရတာတေ လည်းရှိတော့ မှာမဟုတ်ရင် စံစနစ်ဖြစ်တဲ့ ယူနီကုတ်ကိုသုံးတဲ့ လူပိုများလာနိုင်ပါတယ်’’ဟု မြန်မာ နိုင်ငံတွင် ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက သုံးသပ်သည်။

7 day daily