Friday, February 20, 2015


Telenor က လစဉ်ငွေပေး ၀န်ဆောင်မှုစနစ် (Postpaid) စတင်လိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၀) မှ စတင်လိုက်ခြင်းဖြစ်ပြီး အသုံးပြုခကို ကမ္ဘောဇဘဏ် (သို့မဟုတ်) သမဝါယမဘဏ် (သို့မဟုတ်) တယ်လီနောဆိုင်များတွင် ပေးချေနိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါစနစ်ကို အသုံးပြုခြင်းအားဖြင့် လစဉ်နှုန်းထား ၂၀,၀၀၀ ကျပ်သွင်းကာ လစဉ်သုံးစွဲခွင့်ပမာဏ ၂၅,၀၀၀ ကျပ် ရရှိမည်ဖြစ်ကြောင်း၊ လစဉ်နှုန်းထား ၃၀,၀၀၀ ကျပ်သွင်းကာ သုံးစွဲခွင့်ပမာဏ ၄၀,၀၀၀ ကျပ် ရရှိမည်ဖြစ် ကြောင်း သိရသည်။ လစဉ် အသုံးပြုခွင့် ရရှိနိုင်သော သုံးစွဲခွင့်ပမာဏသည် လစဉ်အလိုအလျောက် အသစ် က ပြန်စမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း သုံးစွဲမှု အတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
အသုံးပြုခများအနေဖြင့် ကြိုတင်ငွေဖြည့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် ကောက်ခံသော အခြေခံနှုန်း ထားများအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း Telenor Myanmar မှ ကြေညာ သည်။ မိမိ သုံးသမျှကို အသေးစိတ် ဖော်ပြထားသော ငွေတောင်းခံလွှာကို အီးမေးလ်မှ တစ်ဆင့် ရယူနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။ တစ်ဦးချင်းစီအတွက် စီစဉ်ထားသော Postpaid Plan များကို Telenor အရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး အဖွဲ့အစည်းများ အနေဖြင့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများအတွက် အထူးဝန်ဆောင်မှုအဖွဲ့ (Enterprise Sales team) ကို enterprise@telenor.com.mm မှတစ်ဆင့် အီးမေးလ်ပို့ကာ ဆက်သွယ်နိုင်ကြောင်း သိရသည်။