Monday, October 19, 2015


https://scontent-lax3-1.xx.fbcdn.net/hphotos-xap1/t31.0-8/
 မြန်မာပြည်ရဲ့မိုဘိုင်းအင်တာနက်စနစ်မှာ မိနစ်နဲ့ဖြတ်တဲ့စနစ်အစား data ပမာဏနဲ့ ဖြတ်တဲ့စနစ်သုံးတာမျိုးတွေလည်း ရှိလာတာမို့ မိုဘိုင်း အင်တာနက်ကို မြန်မြန်သုံးချင်ရင် ငွေများများပေးဆိုတဲ့ အခြေအနေကို ရောက်လာပါတယ်။ နဂိုအတိုင်း မိနစ်နဲ့ဖြတ်တာမှာ အမြန်နှုန်းကအများဆုံး 30kbps ၀န်းကျင်ရပါမယ်။ လူအများစုမိုဘိုင်းအင်တာနက်သုံးတဲ့ အချိန်မှာ 10kbps ၀န်းကျင်ကိုဆင်းသွားပါမယ်။ လူသုံးများတဲ့အချိန်မှာ အင်တာနက် ကို အထိုက်အလျောက်မြန်မြန်ဆန်ဆန်သုံးချင်ရင် data 1MB အတွက် (၆) ကျပ် နှုန်းနဲ့ ရှင်းရပါတယ်။ ပြောတာက 3G မိုဘိုင်းအင်တာနက်ပါပဲ။ လက်တွေ့သုံးကြည့်တော့ အမြန်နှုန်းဟာ 200kbps ထက် မကျော်ပါဘူး။ နိုင်ငံတကာစံနဲ့တွက်ရင် ဒါဟာ 2G မိုဘိုင်း အင်တာနက် အမြန်နှုန်းပါ။ ဒီကြားထဲမှာ 4G စမ်းသပ် ဆိုပြီး ထွက်လာ တာလည်းရှိပါသေးတယ်။ Galaxy S3 ပေါ်မှာ ပြတာက 4G တဲ့။ အမြန်နှုန်းက အမြင့်ဆုံး 250 kbps ပါ။ ၅ မိနစ် အတွက် ပျမ်းမျှ အမြန်နှုန်းတိုင်းတော့ 220kbps လောက်ရပါတယ်။
မိုဘိုင်းအင်တာနက်ရဲ့ data စနစ်ဟာ လူသုံးများတဲ့အချိန်မှာ 30MB လောက်ဖိုင်ကိုသုံးမိနစ်လောက် အချိန်အတွင်း ဆွဲချနိုင်တာမို့ ကျေးဇူးတင် မယ်ဆိုလည်း တင်စရာပါ။ အရင်ကဆိုရုံးချိန်အတွင်း 30MB လောက် ဖိုင်ကို ဆွဲချဖို့ကိစ္စဟာ မဖြစ်နိုင် သလောက်မဟုတ်ပါလား။
ဝန်ဆောင်မှုပေးသူတွေပြောတာက သူတို့ယူတဲ့ 1MB data နှုန်းထားဟာ နိုင်ငံတကာနဲ့ ယှဉ်ရင် သက်သာတယ်ဆိုပဲ။ မှန်ပါတယ်။ တစ်လကိုပျမ်းမျှ ဒေါ်လာ တစ်ရာ လောက်ဝင်ငွေရှိတဲ့ မြန်မာတွေဟာ 1GB data အတွက် 5ဒေါ်လာ လောက်ပဲကျတဲ့သဘောပါ။ အဲဒီ အချိန်မှာ တစ်လကို ပျမ်းမျှ ဒေါ်လာ တစ်ထောင့်ငါးရာ အထက်ဝင်ငွေရှိတဲ့ အနောက် နိုင်ငံသားတွေဟာ 1GB Data အတွက်နှစ်ဆယ်ဒေါ်လာလောက်ကျပါတယ်။ ယှဉ်ကြည့်ရင် မြန်မာပြည်မှာ အရမ်းကို သက်သာနေတာပေါ့နော်။ ထားပါတော့ ပါးစပ်က ပြောတဲ့ 3G, 4G အမြန်နှုန်းတွေနဲ့အတူ Data ဖြတ်တဲ့ ပမာဏကရော တိကျ သေချာရဲ့လား။ ဒါကို ကျွန်တော်တို့ စစ်ဖို့လိုလာပြီ။ အရင်ကဆောင်းပါးတွေ မှာ ကျွန်တော်ပြောဖူးပါတယ်။ နှစ်ဦး နှစ်ဖက်လက်ခံနိုင်တဲ့ သမာဓိချိန်ခွင် လိုတဲ့ အကြောင်း မိုဘိုင်းအင်တာနက် ၀န်ဆောင်မှုပေးတဲ့လူကပြောမှာပဲ။ သူအတိအကျဖြတ်ပါတယ်လို့။ Website တွေ ဟိုဝင်သည်ထွက်လုပ်တာမို့ Data ပမာဏများတာဖြစ်နိုင်ခြေရှိတယ်လို့လည်း ဆင်ခြေပေးပါတယ်။ ဟုတ်ပြီဗျာ သူပြောတာ မှန်မမှန်သိရအောင် NetWorx ဆိုတဲ့ ဆော့ဖ်ဝဲလေး သုံးပြီး နာရီအလိုက်၊ နေ့အလိုက်၊ ရက်သတ္တပတ်အလိုက်၊ လအလိုက်သုံးတဲ့ Data စုစုပေါင်း တွက်ကြည့်ကြရအောင်။ သွေလွဲမှု (၅) ရာခိုင်နှုန်းထက် မပိုဘူး ဆိုရင်ဖြင့် နှစ်ဦးနှစ်ဖက် လက်ခံရမှာပေါ့ဗျာ။
NetWorx ဆော့ဖ်ဝဲကို www.snipca.com/17753 ကနေ download ဆွဲနိုင်ပါတယ်။ ကွန်ပျူတာမှာအပြီးတင် သုံးမယ်ဆိုရင် ..exe ဖိုင်ကို download ဆွဲချနိုင်ပြီး၊ မင်မိုရီစတစ်ကနေသုံးမယ်ဆိုရင် Portable ဖိုင်ကို download ဆွဲနိုင်ပါ တယ်။ ဖိုင်နှစ်မျိုးလုံးရဲ့ အရွယ်အစားက အတူတူပါ။ 4.1 MB ရှိပါတယ်။ ကြိုက်တဲ့ဖိုင်နဲ့ Install လုပ်ပါ။ သူခိုင်းတဲ့ instruction အတိုင်း လိုက်နာပါ။ ပြီးရင် ဆော့ဖ်ဝဲကိုခေါ်တင်ပါ။ Default ဆိုရင် NetWorx ဟာ နောက်ကွယ်ကနေပြီး အလုပ်လုပ်ပါတယ်။ Taskbar ရဲ့ ညာဘက်မှာရှိတဲ့ notification area ကိုသွားပြီး သူ့ကိုဆွဲတင်ရပါမယ်။Taskbar ပေါ်က Show hidden icons menu နေရာမှာ တစ်ချက်ထောက်ရင် ဖျောက်ထားတဲ့ icon အစုအဝေးပေါ် လာပါမယ်။ အဲဒီထဲက NetWorx ရဲ့ icon ကိုရှာပြီး ကလစ် နှစ်ချက်ခေါက်ရပါမယ်။ NetWorx ဟာ Windows တစ်ခုအနေနဲ့ desktop ပေါ်တက်လာပါမယ်။ သူ့ထဲမှာ မိနေတဲ့ Connection တွေအားလုံးကို ပြ ထားပါမယ်။ Connection တစ်ခုချင်းစီရဲ့ Download နဲ့ Upload Speed တွေကိုလည်း တွေ့နိုင်ပါတယ်။ တကယ်လို့အသေးစိတ်သိချင်တယ်ဆိုရင် hidden icons အုပ်စုထဲက Networx နေရာမှာ ညာကလစ် ထောက်ပါ။ ပေါ်လာတဲ့ menu အကွက်ထဲမှာ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ကြည့်နိုင်ဖို့ Option တွေပေးထားတာတွေ့ရပါမယ်။ ဥပမာ ကိုယ်က download နဲ့ upload speed တွေကို Graph ပုံစံနဲ့ကြည့်ချင်တယ်ဆိုပါစို့။ Show Graph ကိုရွေးပါ။ ဆော့ဖ်ဝဲ install လုပ်ပြီးချိန်မှာ ချိတ်ခဲ့သမျှ အင်တာနက် ဆက်သွယ်မှု အားလုံးအတွက် data ဘယ်လောက် သုံးတယ်၊ ဘယ်လိုရက် တွေမှာ သုံးတယ်ဆိုတာ Graph နဲ့ တန်းစီပြီးပြပါမယ်။ ဒါ့အပြင် D နဲ့ U ဆိုတာကိုလည်းတွေ့ရပါမယ်။ D က Download Speed ကိုရည်ညွှန်းတာ ဖြစ်ပြီး U က Upload Speed ကို ရည်ညွှန်းတာဖြစ်ပါတယ်။
တကယ်လို့ Speed meter ဆိုတာကို ကလစ်နှိပ်မယ်ဆိုရင် ကိုယ် အင်တာနက် သုံးတဲ့အချိန်ကာလတစ်ခုအတွက် အင်တာနက် အမြန်နှုန်း တွက်ပေးတာကိုလည်း တွေ့ရပါမယ်။ အပေါ်ဘက်မှာတွေ့ရမယ့် အစိမ်းရောင် Play button ကိုနှိပ်ပါ။ အင်တာနက်ချိတ်ထားပြီးသုံးပါ။ အင်တာနက်အမြန်နှုန်း အတက်အကျကို သူကတစ်ချိန်လုံးစောင့်ကြည့် ဖော်ပြပေးပါမယ်။ ရှုပ်တယ်ထင်ရင် အဲဒီ monitor ကို minimize လုပ်ထား လိုက်ပါ။ အင်တာနက်ကို ပုံမှန်အတိုင်း သုံးပါ။ လေးငါးမိနစ်လောက်သုံးပြီးရင် Monitor Windows ကိုပြန်ဖွင့်ပါ။ အနီရောင် Stop button ကိုနှိပ်ပါ။ အင်တာနက် အမြန်နှုန်းကိုခေါ်ကြည့် နိုင်တဲ့နည်းလမ်းနှစ်သွယ်ရှိပါတယ်။ ပထမနည်းက clipboard icon ကို နှိပ်ပြီး copy ကူးတာပါ။ ပြီးရင် Word လို Program ထဲမှာ Paste လုပ်ပြီးကြည့်နိုင်ပါတယ်။ နောက်ထပ်နည်းလမ်း တစ်ခုက Notepad ထဲမှာ paste လုပ်ပြီးရင် Save လုပ်ပြီးခေါ်ကြည့်တာ ဖြစ်ပါတယ်။ ပြီးရင် Play and Stop နှိပ်တဲ့အချိန်နှစ်ခုကြားမှာ မှတ်သား တွက်ချက်ပေးထားတဲ့ data တွေဖျက်ဖို့ Reset Counters icon ကိုနှိပ်ပါ။
NetWorx ဟာကိုယ့်ကွန်ပျူတာပေါ်မှာ data သုံးစွဲထားမှုဘယ်လောက် ရှိတယ်ဆိုတာကိုလည်း အသိပေးနိုင်ပါတယ်။ အင်တာနက်ချိတ်တိုင်း နောက်ကွယ်ကနေမှတ်တမ်းတင်နေပြီး data ပမာဏကို အမျိုးအစား ခွဲပြီးသိမ်းပေးထားပါတယ်။ ဒါကိုသိချင်ရင် NetWorx icon ပေါ်မှာ ညာကလစ်ထောက်ပြီး usage report ကိုရွေးပါ။ button နဲ့ tab တွေပေါ်တဲ့ Windows တစ်ခုပေါ်လာပါမယ်။ ကိုယ့်ကွန်ပျူတာပေါ်မှာ အင်တာနက် သုံးစွဲသွားတဲ့ လူတစ်ဦးချင်းအလိုက်ကြည့်ချင်ရင် user မှာကလစ်နှိပ်ပါ။ ပြီးရင် သုံးစွဲသူတစ်ယောက်ယောက်ရဲ့ account ကိုရွေးပါ။ အပေါ်မှာရှိတဲ့ Tab တွေကိုရွေးပြီး နေ့အလိုက်၊ ရက်သတ္တ ပတ်အလိုက်၊ လအလိုက် သုံးခဲ့တဲ့ data ပမာဏတွေကိုလည်း ကြည့်နိုင်ပါတယ်။
ကာလအပိုင်းအခြားတစ်ခုအတွင်းမှာ သုံးခဲ့တဲ့ data ပမာဏကို ကြည့်ချင်ရင် ဖြင့် Custom tab မှာ တစ်ချက်နှိပ်ပါ။ ပြီးရင် From Date နဲ့ To Date တွေ နေရာမှာ တစ်ချက်နှိပ်ပါ။ Calender တစ်ခု ကျလာတာတွေ့ရပါမယ်။ ကိုယ်ထည့်ချင်တဲ့ date တွေကို ရွေးပေးပါ။ ပြီးရင် Date To ဆိုတဲ့အကွက် ဘေးက ညာလှည့်မြားခေါင်းလေးနေရာမှာ ကလစ်တစ်ချက်နှိပ်ပါ။ အဲဒီ ကာလအပိုင်းအခြားအတွင်း ကိုယ်သုံးခဲ့တဲ့ Data ပမာဏ စုစုပေါင်းကို သိရပါမယ်။ Hourly Rate Tab ကိုရွေးမယ်ဆိုရင် ပျမ်းမျှ Download နဲ့ upload speed တွေကိုသိရမယ့်အပြင် download နဲ့ upload date ပမာဏ တွေကို တစ်နာရီချင်းအလိုက် ပြပေးတာတွေ့ရပါမယ်။ အဲဒီ data တွေကို Export လုပ်ပြီး ဖိုင်တစ်ခုအနေနဲ့ သိမ်းနိုင်ပါတယ်။ HTML ဖိုင်အနေနဲ့ သိမ်းပေး မှာပါ။ ကိုယ်သုံးတဲ့ Default Browser မှာခေါ်ကြည့်နိုင်ပါတယ်။
NetWorx အကြောင်းကျယ်ကျယ်ပြန့်ပြန့်သိချင်ရင် သူ့ icon နေရာမှာ ညာကလစ်နှိပ်ပြီး setting ကိုရွေးပါ။ အသုံးဝင် တဲ့ Tab အစုအဝေးကြီးပါတဲ့ Window ပေါ်လာပါမယ်။ Graphic Color tab ကိုရွေးပြီး graph ကို color နဲ့ကြည့်နိုင်တယ်။ notification မှာ ကိုယ်ကြိုက်သလို အပြောင်းအလဲ လုပ်နိုင် တယ်။ ဥပမာဆိုကြပါစို့ ဆယ်မိနစ်အတွင်းအသံနဲ့ alert လုပ်ပါလို့ ခိုင်းထား ရင် အင်တာနက် မြန်နှုန်းကျတာနဲ့ ဆယ်မိနစ်အတွင်း အသံမြည်လာပါမယ်။ Enable notification လုပ်ထားပေးဖို့တော့လိုမယ်။ ဆော့ဖ်ဝဲရဲ့အသုံးကစုံ တော့ ကိုယ်တိုင်ပဲစေ့စေ့စုံစုံစမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။
မိုဘိုင်းဖုန်းကနေ တိုက်ရိုက် data ပမာဏ ကြည့်ဖို့အတွက် Opera max ကိုသုံးနိုင်ပါတယ်။ Mobogenie ကနေ download ဆွဲနိုင်ပါတယ်။ ပြီးရင် Opera max ကိုဖွင့်ပြီး Connect ကိုနှိပ်ပါ။ အင်တာနက်ချိတ်ထားဖို့ လိုပါ တယ်။ VPN ကတစ်ဆင့်သူ့ Network ကို လှမ်းချိတ်ပါမယ်။ ပြီးတာနဲ့ download နှင့် upload speed အပြင် နာရီအလိုက်၊ နေ့အလိုက် စုစုပေါင်း data ပမာဏတွေကိုပြပေးပါတယ်။ လက်တွေ့ စမ်းသပ်ချက် အရ ကိုယ်သုံး တဲ့ data ပမာဏနဲ့ ကွဲလွဲမှုဟာ (၁၀) ရာခိုင်နှုန်းအောက်မှာပဲရှိပါတယ်။ ISP ဖြတ်တဲ့ data ပမာဏက Opera max ထက်ပိုများနေပါသေးတယ်။
နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal