Pages - Menu

Pages - Menu

Monday, February 16, 2015

ရန်ကုန်မြို့၌ ဆင်းမ် ကတ်မှောင်ခို ဈေးကွက် ယခင်ထက် လျော့နည်းလာ

ပြည်တွင်းမိုဘိုင်းဆင်းမ်ကတ် ဈေးကွက်၌ သက်ဆိုင်ရာ ဆက်သွယ်ရေးလုပ်ငန်း အသီးသီးက တရားဝင် သတ်မှတ်ထားသောနှုန်းထားများထက် ပိုမိုရောင်းချနေသည့် မှောင်ခိုဈေးကွက်သည် ယခုရက်ပိုင်းအတွင်း သိသာစွာလျော့နည်းလာပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းအရောင်းအဝယ် ဈေးကွက်မှစုံစမ်း သိရသည်။

MPT, Ooredoo Myanmar နှင့် Telenor Myanmar ဆက်သွယ်ရေးကုမ္ပဏီ သုံးခုတို့သည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ပြည်တွင်းဈေးကွက်သို့ လစဉ်ပုံမှန် ဖြန့်ချိလျက်ရှိနေခြင်းနှင့် သက်ဆိုင် ရာကုမ္ပဏီများ၏ သီးသန့် အရောင်းဆိုင်များ အများအပြား ပေါ်ထွက်လာခြင်းတို့ကြောင့် ဆင်းမ်ကတ်မှောင်ခို ဈေးကွက် နည်းပါးလာခြင်းဟု အထက်ပါ မိုဘိုင်းဖုန်းအရောင်းနှင့် ဝန်ဆောင်မှု ဆိုင်များမှ သိရသည်။

“ပြီးခဲ့တဲ့ဇန်နဝါရီလလယ်လောက်အထိ ဆင်းမ်ကတ်မှောင်ခိုဈေးကွက်တော်တော်လေးရှိသေးတယ်။ MPT ကသူတို့ရဲ့ဝန်ဆောင်မှုအသစ်ကို စပြီးတဲ့နောက်ပိုင်း မှောင်ခိုဈေးကွက်က ရန်ကုန်မြို့ ထဲမှာ တင် တော်တော်လေးနည်းလာတာတွေ့ရတယ်။ အဲ့ဒီအတွက်ဘာကောင်းလဲဆိုတော့ အသုံးပြုတဲ့သူတွေ အတွက် မှန်ကန်တဲ့ဈေးနှုန်းနဲ့ အလွယ်တကူဝယ်ယူမှုတွေကိုလုပ်လာနိုင်တာပါပဲ” ဟု ရန်ကုန်မြို့နေ မိုဘိုင်း ဖုန်းနှင့် ဆက်စပ်ဝန်ဆောင်မှုဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယခုလက်ရှိ ပြည်တွင်းဈေး ကွက်အတွင်းယှဉ်ပြိုင်နေသော အထက်ပါဆက်သွယ်ရေးလုပ် ငန်းသုံးခုသည် ဆင်းမ်ကတ်မှောင် ခိုဈေးကွက်များ ပိုမိုကျယ်ပြန့်လာစေရန်နှင့် လျော့နည်းသွားစေရန် အတွက် ထိန်းချုပ်မှု များကိုပြုလုပ်သွားမည်ဟု သုံးစွဲသူများသို့အသီးသီး ကတိပေးပြောကြားမှုများရှိခဲ့ပြီး လအနည်းငယ်အတွင်း ယခုကဲ့သို့ မှောင်ခိုဈေးကွက်နည်းပါးလာခြင်းဖြစ်ကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူအချို့ကဆိုကြသည်။

“ဈေးကွက်ထဲမှာသတ်မှတ်ထားတဲ့နှုန်းထားထက်ပိုပေးရတဲ့ မှောင်ခိုဈေးကွက်ပျောက်အောင် ဈေးကွက်မြှင့် တင်မှုတွေကိုလုပ် နေပါတယ်။  မှောင်ခိုဈေးကွက် လုံးဝပျောက်သွားအောင် လုပ်သွားမှာပါ။ သုံးစွဲသူတွေ အနေနဲ့ ဆင်းမ်ကတ်တွေကို နေရာဒေသတိုင်းမှာ အလွယ်တကူဝယ်လို့ရလာတာနဲ့အမျှ ဒီဈေးကွက်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးကပြော သည်။

ယခုလက်ရှိအချိန်တွင် ၁၅၀၀ ကျပ်ဖြင့်ရောင်းချနေသော ဆက်သွယ်ရေးလုပ်ငန်းသုံးခုမှ ဆင်းမ်ကတ်များ သည် သက်ဆိုင်ရာကုမ္ပဏီများ၏အရောင်းဆိုင်များတွင် သတ် မှတ်နှုန်းထားများ အတိုင်းဝယ်ယူ ရရှိနေ နိုင်င်ပြီး သီးသန့်အရောင်းဆိုင်မဟုတ်သည့် စတိုးဆိုင်ကဲ့သို့သောအရောင်းဆိုင်အချို့တွင် မူလနှုန်းထား ထက် ပိုမိုဈေးတင်ရောင်းချခြင်းများရှိနေသေးကြောင်း သိရသည်။

Internet Journal