Monday, January 26, 2015

Smart Phone ခေတ် တစ်ခေတ် ဖြစ်နေတဲ့ကာလမှာ မိမိ ကိုယ်ပိုင်စမတ်ဖုန်းတွေကို မြန်မာ စာ ကိုယ်တိုင်ထည့်သွင်းအသုံးပြု နိုင်ဖို့ စမတ်ဖုန်းတွေထဲကို မြန်မာ ဖောင့် ထည့်သွင်းခြင်းအကြောင်း ကို ပြီးခဲ့တဲ့ ဈေးကွက်ဂျာနယ်ထဲမှာ ရေးသားခဲ့ပါတယ်။
ခုတစ်ပတ်မှာလည်း စမတ်ဖုန်းများအတွက် အင်တာနက် Setting ချိန်ခြင်းကို ကိုယ်တိုင်ပြုလုပ်နိုင်အောင် ရေးသားလိုပါတယ်။ Internet Setting ချိန်နည်းကလည်း ဖုန်းထဲကို မြန်မာဖောင့်ထည့်သွင်းသလိုပဲ လွယ်ကူ ရိုးရှင်းစွာ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ လုပ်ငန်းစဉ် တစ်ခုသာ ဖြစ်ပါတယ်။
Internet Setting ချိန် ရတာ ဖုန်းတစ်ခုနဲ့တစ်ခုတော့ မတူ နိုင်ပါဘူး။ ဆင်းမ်ကတ်အမျိုး အစားအလိုက်လည်း မတူညီ ကွဲ ပြားနိုင် ပါတယ်။ တချို့စမတ်ဖုန်းတွေအတွက် ဆင်းမ်ကတ် ထည့်သွင်းလိုက်တာနဲ့ အင်တာနက် ဆက်တင်ကို အော်တိုမက်တစ် အလို အလျောက် ချိန်ပေးတတ်ပါတယ်။ တချို့ဖုန်းတွေကတော့ အင်တာနက်ဆက်တင်ကို သပ်သပ်သွားချိန်ပေးရပါတယ်။ တစ်ခါတလေ မှာ ဖုန်းအလုပ်လုပ်တဲ့စနစ် Error ဖြစ်ရင်လည်း အင်တာနက် ဆက်တင်တွေ ပြောင်းသွားတတ်လို့ ကိုယ်တိုင်ပြန်ချိန် ရပါတယ်။ အင်တာနက်ဆက်တင်ကို ဆိုင်ကို သွားပြင်စရာမလိုဘဲ ကိုယ်တိုင် အိမ်မှာ၊ လမ်းမှာ အလွယ်တကူ ပြင်ဆင်အသုံးပြုနိုင်အောင် ဒီ ဆက်တင်လေးတွေကို မှတ်ထား လိုက်ရုံပါပဲ။
အများဆုံးသုံးတာကတော့ GSM Network ဖြစ်တာကြောင့် GSM အတွက် အရင်ဆုံးရေးပါမယ်။ GSM က WCDMA နက် ဝေါ့ခ်နဲ့ လည်း တူညီတာကြောင့်  GSM နဲ့  WCDMA ဆက်တင်က ချိန်ရတာ အတူတူပါပဲ။
GSM Internet Setting အတွက် အရင်ဆုံး ဖုန်းရဲ့ Setting ထဲကို ဝင်ရပါမယ်။ မြန်မာစနစ်သုံး ဖုန်းတွေမှာတော့ Setting ကို 'ပြင်ဆင်မယ်' ဆိုပြီး အမည်ပေးထားတတ်ပါတယ်။ အဲဒီ Setting ထဲကို ဝင်ရောက်ပြီးပြီဆိုရင် Wireless and Network  ဆိုတဲ့ ခေါင်းစဉ်အောက်ကို ဆက်ဝင်ပါ။ Wireless and Network အောက်မှာက ဆက်သွယ်မှုကွန်ရက်ဆိုင်ရာ လုပ်ဆောင် ချက်တွေကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ Wifi, Bluetooth အပါအဝင် ဆက်သွယ်မှုကွန်ရက် အားလုံးကို ပြသထားပါလိမ့်မယ်။ အဲဒီဆက်တင်အပိုင်းထဲမှာ ဖုန်းနဲ့ ပတ်သက်သမျှ ကွန်ရက်တွေကို တွေ့ရမှာပါ။ ဖုန်းထဲမှာ Bluetooth ပါရင်လည်း Bluetooth  ဆက်တင်ကို တွေ့နိုင်သလို Bluetooth  မပါဝင်တဲ့ ဖုန်းတွေမှာလည်း Bluetooth  ဆက်တင် မတွေ့ရပါ ဘူး။
အဲဒီ Wireless & Network ပိုင်းထဲမှာ More Settings ဆီကို ဆက်သွားပါမယ်။ More Setting ထဲမှာတော့ Airplane Mode, VPN, Tethering & Portable Hotspot , Mobile Networks နဲ့ USB Internet စတဲ့ အပိုင်းခွဲတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ခု GSM အတွက် အင်တာနက်ဆက်တင်ကို စတင်ချိန်ပါမယ်။ Mobile Network ထဲကို ဝင်လိုက်ပါမယ်။ အဲဒီထဲမှာမှ Edata Connection, 3G service, Preferred Networks, Access Point Names (APN) နဲ့ Network Operators စတဲ့ အပိုင်း ကဏ္ဍတွေကို မြင်တွေ့ရမှာ ဖြစ်ပါ တယ်။ အဆိုပါ ကဏ္ဍတွေထဲက Access Point Names ကို ထပ်မံ ဝင်ရောက်ပြီး APN မရှိသေး ပါက APN အသစ်ခေါ်လိုက်ပါ။ APN အသစ်ရလာပြီဆိုရင် Name မှာ MPT Net  ၊ APN မှာလည်း MPT net ဆိုပြီး ရိုက်ထည့်ပေး ကာ  Authentication Type  မှာက PAP or CHAP ကို ပြောင်းပေးလိုက်ပြီး APN Type ကိုတော့ Default ပဲ ထားပေးလိုက်ပါ။ အဲဒီလေးခု ပြောင်းပြီးရင်တော့ MPT အတွက် အင်တာနက် Setting ချိန်ခြင်း ပြီးဆုံးပါပြီ။ အဲဒီ APN အသစ်ကို Save ပြုလုပ်ဖို့လည်း အရေးကြီးပါတယ်။ Save ပြုလုပ်လိုက်မှ APN က ပေါ်လာမှာဖြစ်ပြီး အဲဒီပေါ်လာတဲ့ APN က MPTnet ဆိုတဲ့ အမည်နဲ့ဖြစ်ပြီး ဘေး မှာပါတဲ့ အစက်ဝိုင်းလေးမှာ အဖြူဝိုင်းလေး ပေါ်နေအောင် တို့ပေးလိုက်မယ်ဆိုရင် အဲဒီ APN ကို အလို အလျောက် ရွေးချယ်ပြီး သား ဖြစ်ကာ အင်တာနက်က အဲဒီဆက်တင်နဲ့ သုံးနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ချိန်ပြီးရင်တော့ Data Connection ကို ဖွင့်ပြီး အင်တာနက် စတင်သုံးနိုင်ပါပြီ။
နောက်ထပ် GSM ကွန်ရက်တွေဖြစ်တဲ့ Telenor နဲ့ Ooredoo တို့အတွက် အင်တာနက် ဆက်တင်ချိန်နည်းတွေကိုလည်း ဆက်လက် တင်ပြပါမယ်။ Telenor  ဆင်းမ်ကတ်ကို စမတ်ဖုန်းထဲ ထည့် သွင်းပြီးနောက်မှာ ပထမဆုံး ဖုန်းခေါ်ဆိုမှုတစ်ခုကို စတင်ပြု လုပ်လိုက် ပြီးတာနဲ့ 500 ကို လိပ်မူ ပြီး Internet On လို့ မက်ဆေ့ခ်ျ ပို့ပေးရပါမယ်။ အဲဒီမက်ဆေ့ခ်ျ ထွက်သွားပြီဆိုရင် ခဏကြာတဲ့ အခါ Telenor က ပြန်လည်ပေးပို့တဲ့ မက်ဆေ့ခ်ျတစ်စောင် ရရှိပါမယ်။ အဲဒီမက်ဆေ့ခ်ျကတော့ Your Internet is now on  ဆိုတဲ့ စာဖြစ်ပြီး အဲဒီအခါမှာ ဖုန်းကို Restart ပြုလုပ်လိုက်ရမှာ ဖြစ်ပါတယ်။ Restart ပြုလုပ်ပြီးရင်တော့ အင်တာနက်ချိတ်ဆက်ပြီး ဖြစ်ပါ လိမ့်မယ်။ တချို့ဖုန်းတွေကတော့ Restart ပြုလုပ်ပြီးတဲ့အခါမှာ  Setting ထဲကနေ APN ကို အသစ် သွားလုပ်ပေးရပါသေးတယ်။ APN အသစ်အတွက် Name မှာ Telenor  ဆိုပြီး ရိုက်ထည့်ကာ APN မှာ Internet လို့ထည့်ပြီး Aauthentication Type မှာ PAP or CHAP လို့ ပြောင်းပြီး APN ကို ဆေ့ဗ်လိုက်ပါ။ အဲဒီ Save လိုက်တဲ့ APN ကို ခုနကလိုပဲ ရွေးချယ်လိုက်ပြီးရင် တော့ အင်တာနက် ကို Telenor   ဆင်းမ်ကတ်နဲ့ သုံးနိုင်ပြီ ဖြစ်ပါ တယ်။
Ooredoo အင်တာနက် အတွက်ကလည်း ဆက်တင်ချိန်ရတာ မခဲယဉ်းလှပါဘူး။ တချို့ဖုန်း တွေအတွက်က Ooredoo ဆင်းမ် ကတ် ထည့်လိုက်တာနဲ့ အင်တာနက်ကွန်ရက်ကို ရရှိပြီးဖြစ်သလို တချို့ဖုန်းတွေမှာလည်း သပ်သပ်သွားချိန်မှရပါတယ်။ အထက်မှာ တယ်လီနောအတွက် ချိန်ရသလိုပဲ Ooredoo အတွက်ကလည်း APN  အသစ်မှာ Name အတွက် Ooredoo ၊ APN အတွက် Internet လို့ ရိုက်ထည့်ပြီး Authentication Type ကလည်း ယခင် ဆင်းမ်ကတ် တွေလိုပဲ PAP or CHAP  ကို ပြောင်းလဲပေးကာ APN ဆက်တင် ကို Save ပြုလုပ်လိုက်ပြီး အမှတ် ကလေးမှာ ရွေးချယ်လိုက်တာနဲ့ Ooredoo Internet  ကို သုံးနိုင်ပြီ ဖြစ်ပါတယ်။
Ooredoo အတွက် အင်တာနက်ဆက်တင် တောင်းတဲ့ နောက်ထပ်နည်းလမ်းတစ်ခု ရှိပါ သေးတယ်။ ခုနက တယ်လီနောလိုပဲ မက်ဆေ့ခ်ျက တစ်ဆင့်တောင်းတဲ့ပုံစံ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းခေါ်ဆိုပြီး တောင်းတာ ဖြစ်ပါတယ်။ *133# ကို ဖုန်း ခေါ် ဆိုလိုက် ရင် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇ ဆိုတဲ့ နံပါတ်စဉ်တွေနဲ့ လိုအပ်တဲ့ ဝန်ဆောင်မှုကို မေးမြန်းသိရှိနိုင် မယ့် Box တစ်ခု ကျလာမှာ ဖြစ်ပါ တယ်။ အဲဒီထဲမှာ Internet Setting ကတော့ နံပါတ်စဉ် ၆ ဖြစ်တတ်ပါတယ်။ ကိုယ်က Dial Number  ၆ ကို နှိပ်လိုက်ရင် နံပါတ်စဉ်တွေ ထပ်ပေါ်လာမှာ ဖြစ်ပါတယ်။ နံပါတ်စဉ် ၁ က Send me Internet Setting ဆိုတာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် နံပါတ် ၁ ကို နှိပ် လိုက်တာနဲ့ Ooredoo အတွက် Internet Setting ကို မိမိ စမတ်ဖုန်းထဲကို ပို့ပေးမှာ ဖြစ်ပါတယ်။ Ooredoo က ပေးပို့တဲ့ မက်ဆေ့ခ်ျ ရပြီးရင်တော့ အင်တာ နက်သုံးလို့ ရပါပြီ။
 လာမယ့်အပတ်မှာ CDMA ဖုန်းတွေအတွက် ဆက် တင်ချိန်ခြင်းနဲ့ တခြားဆက်စပ် ကွန်ရက်တွေကို Setting ချိန်ခြင်း၊ အသုံးပြုခြင်း အကြောင်းကို ဆက် လက်ရေးသားသွားပါမယ်။
ကလျာအိအိလွင်  

http://www.zaygwet.com/